top of page

ကလေး-ဂန့်ဂေါကြား စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော် သေဆုံး

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/ထက်အောင် _ ဧပြီ ၁၇ ၊ ၂၀၂၅


Photo: ABSDF Column 3
Photo: ABSDF Column 3

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့အကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ လကြာ ထိုးစစ်ဆင်သိမ်းယူခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ CDF-KKG တပ်ဖွဲ့ထံက သိရပါတယ်။


CDF-KKG Major Operation စစ်ဆင်ရေးကို ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ စစ်ရေးကွပ်ကဲမှုနဲ့အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG) ၊ ကျောင်းသားတပ်မတော် (ABSDF) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကလေး-ဂန့်ဂေါကြားမှာရှိတဲ့ ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) နဲ့ ကြံသာရွာစခန်းတို့ကို ၂ လကြာ ထိုးစစ်ဆင်သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။


“ကမ်းပါနီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်နဲ့ ပျူစောထီး ၇၀ လောက် သေတယ်။ ပြီးတော့ မှန်တောနဲ့ အောင်သာယာကြားမှာ ၂၀ ဝန်းကျင်လောက်ရှိမယ်။ ကြံသာရွာမှာလည်း ၂၀ လောက်ရှိတယ်လို့ အတွင်းသတင်းတွေအရ သိရတယ်” လို့ CDF KKG ပြန်ကြားရေးတာဝန်ခံတစ်ဦးက Burma VJ ကို ပြောပါတယ်။


ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီက ကလေးမြို့နယ် ထောက်ပို့တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကူအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့သလို မုံရွာမြို့နယ်အခြေစိုက် တပ်ရင်းတွေက စစ်ကောင်စီတပ်သားနဲ့လည်း စစ်ကူအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။


“၂ လကြာတိုက်ပွဲဖြစ်ပွားချိန်မှာ သေဆုံးသွားတဲ့သူတွေကို စစ်ကောင်စီက ဖြစ်သလိုမြှုပ်ထားခဲ့တာတွေလည်း တွေ့ရတယ်။ တိုက်ပွဲအတွင်းမှာ သူတို့ (စစ်ကောင်စီ) ထိခိုက်ဒဏ်ရာရတဲ့သူတွေ အတော်များပြီး သေဆုံးကြတာတွေလည်းရှိတယ်” လို့ CDF KKG တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောပါတယ်။


စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကမ်းပါးနီစခန်းကို CDF KKG ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၂ ရက်မှာ သိမ်းယူနိုင်ခဲ့သလို ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ မှန်တောရွာနဲ့ အောင်သာယာ(အနောက်) တပ်စခန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်မတိုင်မီမှာ CDF KKG ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ကမ်းပါးနီ၊ မှန်တောနဲ့ အောင်သာယာတပ်စခန်းတွေကို CDF-KKG ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီက ၁၉ ကြိမ် ပြန်လည်ထိုးစစ်ဆင်ခဲ့သလို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၀၀၀ ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ ဒေသခံနေအိမ် စုစုပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF KKG ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကလည်း ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page