ကလေး-ဂန့်ဂေါကြားက စစ်ကောင်စီတပ်စခန်း ၅ ခု CDF-KKG တပ်ဖွဲ့သိမ်းယူနိုင်ခဲ့
- BVJ

- Apr 24
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၁၆ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်အကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက နှစ်လအတွင်း သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ကလေး-ကဘော်-ဂန့်ဂေါ (CDF KKG) က ထုတ်ပြန်ထားပါတယ်။
ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ စစ်ရေးကွပ်ကဲမှုနဲ့အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ အညာတပ်ပေါင်းစုတို့ ပူးပေါင်းကာ CDF KKG Major Operation ကို ၂၀၂၅ ဖေဖော်ဝါရီလမှာ စတင်ဖော်ဆောင်ခဲ့ပြီး ကလေး-ဂန့်ဂေါကြားမှာရှိတဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ(အရှေ့၊ အနောက်)နဲ့ ကြံသာရွာတပ်စခန်းတွေကို ၂ လအတွင်း သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကမ်းပါးနီစခန်းကို CDF KKG ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၂ ရက်မှာ သိမ်းယူနိုင်ခဲ့သလို ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ မှန်တောရွာနဲ့ အောင်သာယာ(အနောက်) တပ်စခန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်မတိုင်မီ အပြီးသတ် ဆက်လက်သိမ်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ကမ်းပါးနီ၊ မှန်တောနဲ့ အောင်သာယာတပ်စခန်းတွေကို CDF-KKG ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီက ၁၉ ကြိမ် ပြန်လည်ထိုးစစ်ဆင်ခဲ့သလို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၀၀၀ ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ ဒေသခံနေအိမ် စုစုပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF KKG ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခု ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ (ပျူစောထီး) တွေ အများဆုံးရှိတဲ့ ကလေးမြို့နယ် ကြံသာရွာကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ကလေး-ဂန့်ဂေါကြားက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူချိန် မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ CNA ၊ CDF-KKG ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ CDF Hakha ၊ CDF Thangtlang ၊ CDF-CDM Siyin ၊ ယောဒေသ လွတ်မြောက်ရေးတပ်ပေါင်းစု (CDF Senthang ၊ နဂါးညီနောင်၊ PDF Vakok ၊ RKDF ၊ ဟံသာဝတီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ MCR နဲ့ ကလေးတောင်ပိုင်း တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
CDF KKG Major Operation စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းတွေနဲ့ စစ်ကောင်စီ သေဆုံးမှု၊ ဖမ်းဆီးရမိမှုအခြေအနေတွေကိုတော့ CDF KKG သတင်းပြန်ကြားရေးကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။







Comments