ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေတဲ့ ရုရှားဘက်က အပြည့်အဝရပ်တည်တယ်လို့ စစ်ခေါင်းဆောင်ပြော
- BVJ

- Mar 8
- 1 min read
BVJ/မိုနာ_ မတ် ၅၊ ၂၀၂၅

ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာစစ်ကောင်စီက အပြည့်အဝရပ်တည်ကြောင်း ရုရှားနိုင်ငံကိုရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
အခုလ ၄ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။
ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ မြန်မာနိုင်ငံအပေါ်မှာ စဉ်ဆက်မပျက်ထောက်ခံပေးမှုတွေကိုလည်း အလေးအနက်ကျေးဇူးတင်ကြောင်းနဲ့ မြန်မာစစ်ကောင်စီအနေနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့စစ်ရေးဆောင်ရွက်မှုတွေကို ထောက်ခံအားပေးတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်မှာ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေနဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပြီး အဲ့ဒီထဲမှာ နှစ်နိုင်ငံကြား ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများအပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်တွေ၊ နျူကလီးယားဓါတ်အားပေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေ၊ ဘူမိဗေဒလေ့လာရေးနဲ့ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေနဲ့ နှစ်နိုင်ငံအကြား ရင်းနီးမြှပ်နှံမှုများမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ ညီချက်စာချုပ်(မူကြမ်း)အပေါ် ဆွေးနွေးညှိနှိုင်းမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။
ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံချိန်မှာလည်း စစ်ခေါင်းဆောင်က ဗျာဒိတ်တော်လာ ကြွက်မင်းအကြောင်း ခိုင်းနှိုင်းပြောပြပြီး အခုလိုရုရှားနဲ့ချစ်ကြည်ရင်းနှီးတွေ့ဆုံရမှုဟာ မြတ်စွာဘုရားရှင်ရဲ့ ဗျာဒိတ်တော်လာ မဟာမိတ်ဖြစ်လတ္တံ့ ဟူသော ဗျာဒိတ်စကားကြောင့်ဖြစ်ကြောင်းနဲ့ ပူတင်ကို လက်နက်စကြာရှင်ရုရှားမင်းနဲ့ခိုင်းနှိုင်းခဲ့သလို သူ့ကိုယ်သူလည်း မြန်မာဘုရင်ဆိုပြီး စစ်ခေါင်းဆောင်က တင်စားခဲ့ပါသေးတယ်။
ဓါတ်ပုံ-ရုရှားသမ္မတပူတင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံနေပုံ







Comments