ကန့်ဘလူမြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မကျီးကုန်းရွာအနောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ ဒီဇင်ဘာ ၂၀ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ကျွန်းလှမြို့နယ် ကံပေါက်ရွာကနေ စစ်ကြောင်းထိုးထွက်လာတဲ့ အမှတ် ၃၆၁ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၆၀ ခန့်ကို ဒေသတော်လှန်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ကျွန်းလှမြို့နယ် ပကဖ/ ပလဖ/ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ်ဒရုန်းအဖွဲ့နဲ့ ဒေသခံ ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၁၅ ဦး သေဆုံးခဲ့ပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီထံက လက်နက် (၁၀) လက် {ငါးကြင်းမြီး(MA-15) (၁) လက်၊ MA-1 (၁)လက်၊ MA-2 (၁)လက်၊ G-3 (၂) လက်၊ ကာဘိုင် (၅)လက်}၊ ကျည်မျိုးစုံ (၁၆၇၀) တောင့်၊ ဗုံးသီးမျိုးစုံ (၃) လုံး၊ နင်းမိုင်း (၆) လုံး၊ RPG (၃) လုံး၊ ငါးကြင်းမြီးခါးပတ် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၂၁) ခု၊ RT စက် (၁) လုံး၊ လက်ကောက် (၂) ကွင်း၊ လက်စွပ် (၁) ကွင်း၊ ဆွဲကြိုးအပြတ် (၁) ခု၊ နားကပ် (၁) ခု၊ ငွေသား (၃၂၀,၈၀၀) ကျပ်နဲ့ လူသုံးကုန်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကျွန်းလှမြို့နယ် မဒေါင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ခမရ ၃၆၁ တပ်ရင်းတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ခန့်ကိုလည်း ကန့်ဘလူခရိုင် တပ်ရင်း ၁ နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါသေးတယ်။
မဒေါင်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးအလောင်းတစ်လောင်း ရရှိခဲ့ပြီး MA-1 (၁) လက်၊ MA ကျည် (၄၆၀) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၇) လုံး၊ ကျည်ဘောက် (၅) ခု၊ ဦးထုပ် (၂) လုံး၊ Icom (၁) လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။







Comments