top of page

ကန့်ဘလူ ပလဖအချုပ်ခန်း လိင်အကြမ်းဖက်မှုအပေါ် NUG တာဝန်ခံဖြေရှင်းဖို့ အမျိုးသမီးအဖွဲ့များ‌ တောင်းဆို

  • Writer: BVJ
    BVJ
  • Jan 31
  • 1 min read

BVJ/မိုနာ_ ဇန်နဝါရီ ၃၁၊ ၂၀၂၅


ဖမ်းဆီးခံထားရသည့်အချုပ်သူများ လိင်အမြတ်ထုတ်ခံနေရပုံကို ပုံဖော်ရေးဆွဲထားပုံ (ဓါတ်ပုံ-Honest Information)
ဖမ်းဆီးခံထားရသည့်အချုပ်သူများ လိင်အမြတ်ထုတ်ခံနေရပုံကို ပုံဖော်ရေးဆွဲထားပုံ (ဓါတ်ပုံ-Honest Information)

အမျိုးသားညီညွတ်ရေးအစိုး-NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး(ပလဖ)အဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့အချုပ်သူတွေကို လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တာ ၂နှစ်နီးပါးကြာတဲ့အထိ အရေးယူမှုမရှိသေးတဲ့အပေါ် NUG အနေနဲ့ တာဝန်ခံဖြေရှင်းပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတွေက ဒီနေ့ ဇန်နဝါရီ ၃၁ရက်မှာ တောင်းဆိုလိုက်ပါတယ်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ပလဖအချုပ်စခန်း-၂(C2) မှာ ဖမ်းဆီးထားတဲ့အချုပ်သူတွေကို ပအဖ၊ ပလဖအဖွဲ့ဝင်တွေက လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တာကြောင့် ကာယကံရှင်တွေက အမှုဖွင့်တိုင်ကြားသလို အဆင့်ဆင့်တိုင်ကြားမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နှစ်ကြိမ်သာ စစ်ဆေးဖြေရှင်းမှုပြုလုပ်တယ်လို့ သိရပါတယ်။


အဲ့ဒီစစ်ဆေးမှုမှာလည်း သံသယရှိသူတွေကို ပုံမှန်ရာထူးတွေအောက်မှာပဲ စစ်ဆေးမှုပြုလုပ်ခဲ့သလို ရလဒ်နဲ့ ပတ်သက်ပြီးလည်း တိုင်ကြားတင်ပြသူတွေပင် မသိရဘဲ မည်သည့်အရေးယူဆောင်ရွက်မှုတွေ တစုံတရာထွက်လာခဲ့တာမရှိဘူးလို့ အမျိုးသမီးအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။


ကန့်ဘလူအချုပ်ခန်းအတွင်း လိင်အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အချို့အမှုတွေမှာ ကာယကံရှင်ကိုယ်တိုင် ကြေအေးသွားတယ်ဆိုပြီး အစီရင်ခံစာတက်လာတယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ၂၀၂၄၊ စက်တင်ဘာ ၁၁ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာပြောခဲ့ပြီး ကာယကံရှင်အမျိုးသမီး(၂)ဦးဟာ ၂၀၂၅၊ ဇန်နဝါရီ ၁ရက်မှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် ဒီနေ့အချိန်အထိ သံသယရှိသူတွေဖြစ်တဲ့ NUGဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုချက်ကိုအချိန်ကြာမြင့်စွာစောင့်နေရတယ်လို့ သိရပါတယ်။


အဲ့ဒီအခြေအနေဟာ အမျိုးသမီးများအကြမ်းဖက်မှုကို အဆုံးသတ်မယ်လို့ ကြွေးကြော်နေတဲ့ NUGအစိုးရအတွက် အကျည်းတန်နေတဲ့အခြေအနေဖြစ်ပြီး ကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးနေတဲ့လုပ်ရပ်ကိုလည်း ပြင်းထန်စွာရှုတ်ချတယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောထားပါတယ်။


ဒါကြောင့် လက်ရှိအမှုဖွင့်တိုင်ကြားချက်တွေကို အမြန်ဆုံးစစ်ဆေးအရေးယူဆောင်ရွက်ဖို့နဲ့ အရင်ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူခဲ့တဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို NUGက ပွင့်လင်းမြင်သာစွာ ပြန်လည်တာဝန်ခံဖြေရှင်းဖို့ တောင်းဆိုလာတာပါ။


NUG အနေနဲ့ ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ပေးနေတဲ့အလေ့အထ (system of impunity) ကို ကျင့်သုံးနေတာဟာ မိမိတို့ဖော်ဆောင်လိုတဲ့အနာဂတ်အတွက် ခြိမ်းခြောက်အကန့်အသတ်ဖြစ်စေတဲ့အပြင် အရပ်သားအကာကွယ်ပေးရေးကို မျက်ကွယ်ပြုရာမြောက်တာကြောင့် system of impunity ချက်ချင်းရပ်တန့်ဖို့ကိုလည်း ပြောထားပါတယ်။


ကန့်ဘလူစခန်းမှာဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် အလားတူအမှုကိစ္စတွေကို ကျူးလွန်တဲ့ကျူးလွန်သူတွေကို ထိရောက်စွာအပြစ်ပေးအရေးယူဖို့နဲ့ နစ်နာသူအမျိုးသမီး၊ မိန်းကလေးငယ်တွေအတွက် အမှန်တရား၊တရားမျှတမှု အမြန်ဖော်ဆောင်ပေးဖို့ကိုလည်း အမျိုးသမီးအဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။


ဒါ့အပြင် အမျိုးသမီးငြိမ်းချမ်းရေးနဲ့လုံခြုံ‌ရေးဆိုင်ရာ မဟာဗျူဟာမူ‌ဘောင်ကို အမြန်ဆုံးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကိုလည်း ထုတ်ပြန်ချက်ကြေညာချက်ထုတ်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်သူ့စစ်သားဇနီးများ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ Gender Equality Network-GEN၊ Politic for Women Myanmar ၊ Sisters to Sisters၊ Women Alliance Burma-WAB၊ Women Peace Network-WPN၊ Women Advocacy Coalition-Myanmar-WAC တို့က တောင်းဆိုထားပါတယ်။


ကန့်ဘလူမြို့နယ်မှာ C2 မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ Non-CDM ကျောင်းသူတစ်ဦးကို ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ခေါင်း‌ဆောင် မဲခေါင်(ခ) မြင့်ဇော်ဦးက အလိုမတူဘဲအသက် ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခဲ့သလို အဲ့ဒီအချုပ်ခန်းမှာပဲ နောက်ထပ်အချုပ်သူတစ်ဦးကိုလည်း စခန်းမှူးအဖြစ် တာဝန်ယူထားသူ ရဲရင့်(ခ)လင်းယုန်ဆိုသူက လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။


အဲဒီအမှုတွေဟာ တနှစ်ကျော် ၂နှစ်နီးပါးကြာတဲ့အထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးတာကြောင့် တိုင်ကြားသူ ကာယကံရှင်တွေရဲ့ လုံခြုံရေးကိုစိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page