ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကြေညာပြီး နာရီပိုင်းအကြာမှာ မြို့ကိုထိန်းချုပ်နိုင်
- Zayar Oo
- Dec 22, 2024
- 1 min read
ပြည်သူတွေပူးပေါင်းမှုကြောင့် သိမ်းနိုင်ခဲ့ဟုထုတ်ပြန်
BVJ/မိုနာ_ ဒီဇင်ဘာ ၂၂၊ ၂၀၂၄

ပြည်သူတွေပူးပေါင်းမှုနဲ့ ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကန်ပက်လက်ကောင်စီက ဒီနေ့ နေ့လယ်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြည်သူတွေက ညှိနှိုင်းပေးမှုကြောင့် ကန်ပက်လက်မြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဟာ မနေ့က ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီအချိန်မှာ ကန်ပက်လက်မြို့ကို စွန့်စွာသွားတာကြောင့် မြို့ကို ပြည်သူတွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ကန်ပက်လက်ကောင်စီနဲ့CDF - ကန်ပက်လက်တပ်ရင်း - ၇ တို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်သူတွေပူးပေါင်းပါဝင်မှု အကျိုးဟာ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ သမိုင်းသက်သေထူနိုင်ခဲ့ပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ ချင်းညီနောင်တပ်ဖွဲ့က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ခိုက်တော့မယ်လို့ ဒီနေ့မနက်ပိုင်းက ကြေညာပြီး နာရီပိုင်းအတွင်းမှာ မြို့ကိုသိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်ညက ဝင်တိုက်ဖို့လုပ်နေတုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းစွန့်ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့နောက်ကိုလည်း လိုက်နေကြောင်းကို ချင်းညီနောင်တပ်ဖွဲ့က ချင်းသတင်းဌာနတွေကို ဖြေဆိုထားပါတယ်။
ကန်ပက်လက်မြို့သိမ်းပိုက်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး Burma VJ အနေနဲ့ ချင်းညီနောင်အဖွဲ့ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ချင်းပြည်နယ် မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူခွာမြို့တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နယ်ကိုတော့ အာရက္ခတပ်တော်-AAက ထိန်းချုပ်ထားပါတယ်။











Comments