ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရတဲ့ကိစ္စ အရေးယူပေးဖို့ CBCMဥက္ကဌ ကာဒီနယ်ချားလ်စ်ဘိုလ်က တောင်းဆို
- BVJ

- Feb 16
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကံကြီးတောရွာမှာ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာရ်ဒေါ်နယ်မာတင် (ခ) ဦးရဲနိုင်ဝင်း အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားမျှတမှုရရှိဖို့နဲ့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့အရေးယူမှု လုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ် (CBCM) ဥက္ကဌ ကာဒီနယ်ချားလ်စ်ဘိုက တောင်းဆိုထားပါတယ်။
ဘုန်းတော်ကြီး ဒေါ်နယ်မာတင် (ခ) ဦးရဲနိုင်ဝင်းဟာ မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာက ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ရွှေဘိုမြို့နယ် ကံကြီးတောရွာ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတာ ၂ နှစ်နီးပါးရှိပြီလို့လည်း သိရပါတယ်။ ဘုန်းတော်ကြီး ဒေါ်နယ်မာတင်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် မန္တလေးဂိုဏ်းချုပ် ဆရာတော်ကြီးနဲ့အတူ ကက်သလစ်ဘာသာဝင် ညီအစ်ကိုမောင်နှမများနဲ့ အသင်းတော်ကလည်း မိဘဆွေမျိုးနဲ့ထပ်တူ ဝမ်းနည်းရကြောင်း CBCM က ထုတ်ပြန်ထားပါတယ်။
ကက်သလစ်ဘုန်းတော်ကြီးကို ရွှေဘိုမြို့နယ် တအုံကျေးရွာမှာရှိတဲ့ Local PDF အဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၁၄ ရက်မှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ ကျူးလွန်သူတွေကို ရွှေဘိုခရိုင် တပ်ရင်း ၅ က ဖမ်းဆီးထားပြီး မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

“ဘုန်းကြီးကို မသေမချင်း ဓားနဲ့ခုတ်သတ်ဖြတ်သွားတဲ့အဖွဲ့က ရွှေဘိုနယ် တအုံရွာက Local pdf အမည်ခံ အကြမ်းဖက်အဖွဲ့လို့ သိရတယ်။ ခေါင်းဆောင်အပါအဝင် ၁၀ ဦးကို ရွှေဘိုခရိုင်တပ်ရင်း ၅ က ဖမ်းဆီးထိန်းသိမ်းထားပြီး မြို့နယ် ပလဖထံ လွှဲပြောင်းဖို့ စစ်ချက်ယူဖို့ တရားစီရင်ရေးပိုင်းဆိုင်ရာ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရတယ်” လို့ ရေဦးမြို့နယ် အခြေပြု People's Defense Comrade က ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က Burma VJ ကို ပြောပါတယ်။
သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ တအုံရွာက Local PDF အဖွဲ့ဟာ ဘုန်းတော်ကြီး ဒေါ်နယ်မာတင်ကို ဒူးထောက်ခိုင်းပြီး ဒူးမထောက်တာကြောင့် ဘုရားကျောင်းဝင်းအတွင်းမှာ သတ်ဖြတ်ခဲ့တာလို့ သိရပြီး ကျူးလွန်သူတွေဟာ အရက်သေစာ သောက်စားထားကြတယ်လို့လည်း သိရပါတယ်။
ဘုန်းတော်ကြီး ဒေါ်နယ်မာတင်ဟာ နိုင်ငံရေးအရှုပ်အရှင်း ကင်းရှင်းသလို ဒေသခံပြည်သူတွေက ကြည်ညိုလေးစားကြပြီး မန္တလေးကက်သလစ်သာသနာကပါ ကြည်ညိုလေးစားရသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းတော်ကြီး ဒေါ်နယ်မာတင်ဟာ ၂၀၁၈ ခုနှစ် ပြင်ဦးလွင်မြို့မှာ ရဟန်းသိက္ခာခံယူခဲ့ပြီး အသတ်ခံရချိန် အသက် ၄၄ နှစ်ရှိပြီး ဝါတော် ၇ ဝါရှိနေပြီလို့လည်း သိရပါတယ်။ ဘုန်းတော်ကြီး ဒေါ်နယ်မာတင်ကို ကံကြီးတောရွာကနေ သယ်ဆောင်ပြီး ပြင်ဦးလွင်ကို ပို့ဆောင်ခဲ့ကာ ဒီနေ့ သင်္ဂြိုလ်ဖို့ လုပ်ဆောင်မယ်လို့လည်း သိရပါတယ်။
ရွှေဘိုမြို့နဲ့ ဝက်လက်မြို့နယ် ဟံလင်းပျူမြို့ဟောင်းကြား ကံကြီးတောရွာကို စစ်ကောင်စီက အခု ဖေဖော်ဝါရီလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သလို ၂၀၂၃ ခုနှစ်အတွင်းက ကံကြီးတောရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။







Comments